Sunday 17 March 2013

အမည်မဲ့



ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ်။

ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ။

ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလည်း မှားသေး။

ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသားရထားက
တစ်စီးလုံး ပျောက်သွားတယ်တဲ့။

ဖြစ်ရပုံများ
တံတွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့။

ကဲ ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့ နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ်   


သစ္စာနီ




No comments:

Post a Comment